နယူးဒေလီ ဇူလိုင် ၃၀

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံအတွက် ပထမဆုံးဖြစ်လာမည့် Kilo အမျိုးအစားရေငုပ်သင်္ဘောတစ်စင်းကို ပြည်တွင်း၌ ပြန်လည်ပြင်ဆင်ခဲ့ပြီးနောက် လွှဲပြောင်းပေးတော့မည်ဖြစ်ကြောင်း ဇူလိုင် ၃၀ ရက်က Economic Times သတင်းတွင် ဖော်ပြခဲ့သည်။ အဆိုပါ INS Sindhuvir ရေငုပ်သင်္ဘောကို လာမည့်နှစ်များအတွင်း ကိုယ်ပိုင်ရေငုပ်သင်္ဘောအုပ်စု ဖွဲ့စည်းရန် ပြင်ဆင်နေသည့် မြန်မာ့ရေတပ်က လေ့ကျင့်ရေးအတွက် အသုံးပြုမည်ဖြစ်သည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။


၁၉၈၀ ပြည့်လွန်နှစ်များက ဆိုဗီယက်ယူနီယံထံမှ ဝယ်ယူခဲ့သည့် Kilo အမျိုးအစား ရေငုပ်သင်္ဘောကို လက်ရှိတွင် ဗီဆာကာပတ္ထနမ်မြို့ရှိ Hindustan Shipyard Limited တွင် အဆင့်မြှင့်လုပ်ငန်းများ ဆောင်ရွက် နေကြောင်း၊ ယခုနှစ်မတိုင်မီ ပြီးမြောက်ဖွယ်ရှိကြောင်း၊ အဆိုပါရေငုပ်သင်္ဘော၏ မူရင်းထုတ်လုပ်သူ ရုရှား (ယခင်ဆိုဗီယက်ယူနီယံ) ထံမှ ခွင့်ပြုချက်တောင်းခံထားပြီး မြန်မာ့ရေတပ်ကို လေ့ကျင့်ပေးရန် သတ်မှတ် စနစ်များကိုလည်း တပ်ဆင်ပေးမည်ဟု နီးစပ်သော သတင်းရင်းမြစ်များကဆိုသည်။

ယင်းရေငုပ်သင်္ဘော လွှဲပြောင်းပေးအပ်မည့် အစီအစဉ်သည် မကြာသေးမီက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း အိန္ဒိယနှင့် နှစ်နိုင်ငံကြား ရရှိခဲ့သည့် အဆင့်မြင့် လဲလှယ်မှုနှင့် ဆွေးနွေးပွဲများ၏ ရလဒ် တစ်ခု ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်၊ ပူးတွဲစစ်ရေး လေ့ကျင့်မှုများနှင့် မြန်မာ့ကာကွယ်ရေး တပ်ဖွဲ့များသို့ပေးနေသည့် လေ့ကျင့်ရေးလုပ်ငန်းများကို ပြန်လည် သုံးသပ်ရန်၊ စွမ်းရည်တည်ဆောက်ခြင်းနှင့် အခြေအခံ အဆောက် အအုံအသစ်များ ဆောက်လုပ်ခြင်းအပါအဝင် ပူးတွဲ ထောက်လှမ်းရေး လုပ်ငန်းများဖြင့် ရေကြောင်းလုံခြုံရေး ခိုင်မာလာစေရန် ဆန္ဒရှိနေကြောင်းအိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ယင်းရေငုပ်သင်္ဘောလွှဲပြောင်းပေးမည့် အစီအစဉ်သည် စစ်ရေးအင်အားတိုးမြှင့်ရန် အိန္ဒိယမှ မြန်မာနိုင်ငံသို့ တိုးချဲ့ပေးအပ်သည့် နှစ်ရှည်ငှားရမ်းစာချုပ်ပုံစံဖြင့်ပြုလုပ်ရန် စီစဉ်ထားပုံရသည်ဟုဆိုသည်။

သတင်းရင်းမြစ်များ ၏ အဆိုအရ မြန်မာနိုင်ငံ၏ ကာကွယ်ရေးလိုအပ်ချက်များကို နားလည်ရန် လွန်ခဲ့သော လေးနှစ်ကျော်ခန့်က မြန်မာခေါင်းဆောင်ပိုင်းနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် အိန္ဒိယ၏ ယင်းအစီအစဉ် ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်ဟု သိရသည်။

စွမ်းရည်တည်ဆောက်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ယခုလအစောပိုင်းတွင် အိန္ဒိယသည် ၂၀၁၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် ဒေါ်လာ ၃၈ သန်းတန် ပို့ကုန်စာချုပ်တစ်စိတ်တစ်ပိုင်းမှ`Shyena’ ဟု အမည်ရသော အဆင့်မြင့်အပေါ့စား တော်ပီဒိုဒုံးကျည်များကို ထောက်ပံ့ ပေးခဲ့ပြီး ယင်းတော်ပီဒိုဒုံးကျည်များကို အိန္ဒိယ အစိုးရ ပိုင် Bharat Dynamics Limited ကထုတ်လုပ်ထားခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ဒေသတွင်း၌ ရေအောက်လက်နက်စနစ်များ ထောက်ပံ့ပေးရန် စဉ်းစားနေသည့်အတွက် ယင်းရေငုပ်သင်္ဘောလွှဲပြောင်းရေး သဘောတူညီချက်ပေါ်ပေါက်လာခြင်းဖြစ်သည်ဟုလည်း ဆိုကြသည်။ သတင်းရင်းမြစ်များက တရုတ်နိုင်ငံသည် ၎င်းတို့၏ ရေငုပ် သင်္ဘော ဟောင်းများကို မြန်မာနိုင်ငံ ထောက်ပံ့ပေး ရေး အတွက်ဆွေးနွေးနေသည်ဟုဆိုသည်။ ၂၀၁၇ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဒေါ်လာ ၂၀၃ သန်းတန် သဘောတူညီချက် တစ်စိတ်တစ်ပိုင်းအနေ ဖြင့် တရုတ်နိုင်ငံထံမှ Type 035G အမျိုးအစား (Ming Class) ရေငုပ် သင်္ဘောနှစ်စင်းကို လက်ခံရရှိခဲ့သည်။

တရုတ်နိုင်ငံက ရောင်းချခဲ့သည့် Ming အမျိုးအစား ရေငုပ်သင်္ဘောထက် Kilo class (Project 877) ရေငုပ် သင်္ဘောက စွမ်းဆောင်ရည်ပိုမြင့်ပြီး ဒေသတွင်း၌ စစ်ဆင်ရေးများ လုပ်ဆောင်ရန် ပိုမိုသင့်လျော်ကြောင်း သတင်းရင်းမြစ်များကဆိုသည်။
မြန်မာနိုင်ငံနှင့် ရရှိထားသည့် သဘောတူညီချက်တွင် မကြာမီနှစ်များအတွင်း ပိုမိုကျယ်ပြန့်သည့် ရေတပ်စုဖြစ်လာစေရန် ပြင်ဆင်ပေးရေးအတွင် လေ့ကျင့်ရေးအစီအစဉ်တစ်ခုလည်းပါဝင်သည်။

ယခုနှစ်မတ်လတွင် စစ်ဦးစီးအရာရှိချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်က နှစ်နိုင်ငံသည် မကြာမီ ရေငုပ်သင်္ဘောတပ်ဖွဲ့တစ်ခုရှိလာ မည်ဖြစ်ကြောင်း ပြောကြားထားသည်။ ယခုရရှိလာမည့် ရေငုပ်သင်္ဘောများသည် အနည်းဆုံး လေးနှစ်ခန့်လိုအပ်နေသည့် လေ့ကျင့်ရေး အစီ အစဉ် ပါဝင်သော ကာလရှည်အစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ကြေညာထားသည်။ မြန်မာအကြီးတန်း တပ်မတော်အရာရှိများသည်လည်း ရေငုပ်သင်္ဘောအသစ်များ ဝယ်ူရရှိနိုင်ရန်နှင့် INS Sindhuvir ပေါ်တွင် လေ့ကျင့်ရေး လုပ်ငန်းများ လုပ်ဆောင် နိုင်ရန် ဆွေးနွေးပွဲများလုပ်ဆောင်ရေး ရုရှားနိုင်ငံသို့ မကြာသေးမီက သွားရောက်ခဲ့ကြောင်း သိရသည်။

Ref: economictimes
#Democracytoday