မြန်မာနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရန်နှင့် ဖွံ့ဖြိုးရေးစီမံကိန်း အများအပြားလိုအပ်လျက်ရှိရာ ဆောင်ရွက်သင့်သည့် အချက်များကို ဖွံ့ဖြိုးရေးလုပ်ငန်း ဆိုင်ရာ သုတေသီတစ်ဦးနှင့် တွေ့ဆုံမေးမြန်းထားပါသည်။



မေး- မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုအတွက်ဆိုရင် ဘာတွေလုပ်ဖို့ လို အပ်နေပါသလဲခင်ဗျ။

ဖြေ- မြန်မာနိုင်ငံဟာ တံခါးဖွင့်ပြီး စီးပွား ရေး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက် လာတာ သိပ်မကြာသေးပါဘူး။ အဲဒါ ကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုက အိမ်နီးချင်းနိုင်ငံတွေနဲ့စာရင် အများကြီး နောက်ကျန်နေခဲ့ပါတယ်။ မြန်မာ့စီးပွားရေး အရှိန်အဟုန်နဲ့ ဖွံ့ဖြိုး တိုးတက်လာဖို့အတွက် ပြည်ပ ရင်းနှီးမြှုပ် နှံမှုတွေ၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုတွေ လို ပါတယ်။ နောက်ပြီး ရင်းနှီးမြှုပ်နှံမှု ဝင် ရောက်လာဖို့ အခြေခံ အဆောက်အအုံ တွေလည်း လိုအပ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု တွေကနေ ဆောင်ရွက်မယ့် စက်မှုကဏ္ဍပဲဖြစ်ဖြစ်၊ အခြေခံအဆောက်အအုံတွေ တည်ဆောက်တဲ့အခါမှာပဲဖြစ်ဖြစ် အဓိက လိုအပ်တာက စွမ်းအင်ပါပဲ။ လျှပ်စစ်ပဲ။ လျှပ်စစ်မရှိရင် ဘာမှတည်ဆောက်လို့ မရ ပါဘူး။ အဲဒီအတွက် လိုအပ်တဲ့စွမ်းအင်ရ ဖို့ စွမ်းအင်မူဝါဒတွေကို အစိုးရက ချမှတ် ရပါတယ်။

မေး- စွမ်းအင်လိုအပ်ချက်တွေ ဖြည့်စည်း ဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ဆောင်ရွက်ပါ သလဲ ခင်ဗျ။

ဖြေ- စွမ်းအင်လိုအပ်ချက်အတွက် ကမ္ဘာ ပေါ်မှာ နည်းလမ်းမျိုးစုံနဲ့ ဆောင်ရွက်ကြ ပါတယ်။ ဟိုးအရင် ရေနံနဲ့ သဘာဝဓာတ် ငွေ့၊ တွင်းထွက်ပစ္စည်းတွေနဲ့ စွမ်းအင်ထုတ် လုပ်ကြတယ်။ နောက်ပြီးတော့ ရေအားနဲ့ လျှပ်စစ်ထုတ်လုပ်တာတွေ ရှိလာတယ်။ ကျောက်မီးသွေးကနေ လျှပ်စစ် ထုတ်လုပ် တာတွေ ရှိလာတယ်။ နောက်ပိုင်း နည်း ပညာအဆင့်မြင့်လာတော့ လေအားနဲ့ ထုတ်လုပ်မှုတွေ၊ နေရောင်ခြည်ကနေ လျှပ်စစ်ထုတ်လုပ်တာတွေ ဆောင်ရွက် လာတယ်။ အဲဒါကလည်း သဘာဝပတ်ဝန်း ကျင်ကို မထိခိုက်တာတော့မဟုတ်။ ဘာပဲ လုပ်လုပ် သဘာဝပတ်ဝန်းကျင်တော့ ထိ ခိုက်တာပါ။ ထိခိုက်မှု အနည်းဆုံးဆိုတဲ့ စနစ်တစ်ခုကို ပြောတာပါ။ နောက်ပြီး နျူ ကလီးယားဓာတ်ပေါင်းဖိုတွေ တည်ဆောက် ပြီး လျှပ်စစ်ထုတ်လုပ်တာတွေ ရှိလာတယ်။ မြန်မာနိုင်ငံမှာတော့ အခုအချိန်မှာကတော့ နျူကလီးယားကနေ ထုတ်လုပ်ဖို့ အိပ်မက် တောင် မက်လို့မရသေးပါဘူး။ သိပ်မကြာ ခင်ကတော့ မကွေးဘက်မှာ ဆိုလာနဲ့ လျှပ် စစ်မဂ္ဂါဝပ် ၁၀ဝ ကျော်ထုတ်ဖို့ ဆောင် ရွက်နေတာကတော့ ဂုဏ်ယူစရာ တစ်ခု ပါ။ ဒါပေမဲ့ အခု မဂ္ဂါဝပ် ၄၀ ကျော်ပဲ စမ်းသပ်ထုတ်လုပ်နိုင်ပါသေးတယ်။ ဆိုလာ စနစ်တို့ လေအားနဲ့ လျှပ်စစ်ထုတ်လုပ်တာ တို့က နည်းပညာ အရမ်းမြင့်ပြီး ကုန်ကျ စရိတ်တော့ အရမ်းများပါတယ်။

မေး- Samsung ဖုန်းစက်ရုံက မြန်မာ နိုင်ငံမှာ လာရောက်တည်ထောင်ဖို့ လုပ် ပြီးမှ ပျက်သွားတယ်ဆိုတာ ကြားရပါတယ်။ အဲဒီစက်ရုံသာ မြန်မာနိုင်ငံမှာ တည်ထောင် ဖြစ်ခဲ့ရင် ပို့ကုန်က ဒေါ်လာဘီလီယံနဲ့ ချီ ရမှာဖြစ်လို့ ဘယ်လိုဖြစ်လို့ အစီအစဉ်ပျက် သွားတယ်လို့ ကြားရပါသလဲခင်ဗျ။

ဖြေ- Samsung က မြန်မာပြည်မှာ ရင်း နှီးမြှုပ်မှုလုပ်ဖို့ လာကြည့်သေးတယ်။ နောက်တော့ ဗီယက်နမ်ရွှေ့သွားတယ် ကြားတယ်။ အဓိကçကတော့ လျှပ်စစ်မီး အပြည့်အဝ မပေးနိုင်တဲ့ပြဿနာပါ။ အဲဒီ လိုစက်ရုံကြီးတွေက လျှပ်စစ်မီးပျက်လို့ မဖြစ်ဘူး။ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက် လာဖို့ လျှပ်စစ်စွမ်းအင်က အရေးကြီးပါ တယ်။ လျှပ်စစ်စွမ်းအင် လိုအပ်ချက်ကို ဘယ်လို ဖြည့်ဆည်းဆောင်ရွက်မလဲ ဆို တာ စဉ်းစားဆောင်ရွက်သင့်ပါတယ်။ လျှပ် စစ်မီးမရသေးတာ တစ်နိုင်ငံလုံး လူဦးရေ ရဲ့ ၅၀ ရာခိုင်နှုန်းကျော်ပါ။ လျှပ်စစ်စွမ်း အင် လုံလုံလောက်လောက်ရှိမှသာ ရင်းနှီး မြှုပ်နှံမှုတွေ ဆောင်ရွက်နိုင်ပြီး စီးပွားရေး ဖွံဖြိုးတိုးတက်မှုရှိလာမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ စက်မှုလုပ်ငန်းတွေမှာပဲ ဖြစ်ဖြစ်၊ စက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်ဖို့ အခြေခံအဆောက်အအုံ တည်ဆောက်ရင် ပဲ ဖြစ်ဖြစ် လျှပ်စစ်နဲ့ပဲ တည်ဆောက်လည် ပတ်လို့ ရတာပါ။

မေး- မြန်မာနိုင်ငံမှာ လျှပ်စစ်လိုအပ်ချက် တွေဖြည့်ဆည်းနိုင်ဖို့ လျှပ်စစ်ကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ဖို့ လိုနေတယ် လို့ မြင်မိပါသလားခင်ဗျ။

ဖြေ- ခုနပြောသလိုပဲ မြန်မာနိုင်ငံမှာ လျှပ် စစ် မဖြန့်ဖြူးပေးနိုင်တဲ့နေရာတွေ အများ ကြီး ကျန်နေသေးတဲ့အတွက် ဈေးကွက်က အကြီးကြီးပါပဲ။ ပြည်သူသန်းချီကို လျှပ်စစ် ဖြန့်ဖြူးပေးဖို့အတွက် ရင်းနှီးမြှုပ်နှံသူတွေ က အများကြီး စိတ်ဝင်စားတာပေါ့။ အဲဒီ ကဏ္ဍအတွက်လည်း ရင်းနှီးမြှုပ်နှံသူတွေ က အများကြီး ဝင်ရောက်လာဖို့ ရှိနိုင်ပါ တယ်။ အစိုးရကိုယ်တိုင်ကလည်း လျှပ်စစ် ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ဖို့ စီစဉ်ဆောင် ရွက်ပေးနေတာကို တွေ့နေရပါတယ်။

မေး- နောက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ဝင် ရောက်ဖို့ သူတို့ကို ဘာတွေအာမခံချက် ပေးဖို့လိုလဲ။


ဖြေ- မြန်မာနိုင်ငံမှာတင် မဟုတ်ပါဘူး။ နိုင်ငံတကာမှာ ရင်းနှီးမြှုပ်နှံမှုတွေကို အ ကာ အကွယ်ပေးတဲ့ ဥပဒေတွေရှိပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေက ပြည်ပက ရင်းနှီးမြှုပ် နှံသူတွေတင် မကပါဘူး ပြည်တွင်းရင်းနှီး မြှုပ်နှံသူတွေကိုကို ဥပဒေအရ ကာကွယ် ပေးရပါတယ်။ သူတို့ပိုက်ဆံရင်းပြီး အလုပ် လုပ်ရလို့ ဘယ်သူမှ အဆုံးအရှုံး ခံနိုင်မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ဟိုးအရင်က ပြည်သူပိုင် သိမ်းတယ်ဆိုတာတွေ ရှိခဲ့တော့ စီးပွားရေးလုပ်ငန်းရှင်တွေက ကြောက်ကြ တယ်။ သူတို့အတွက် ခိုင်မာတဲ့ အာမခံ ချက်တွေပေးမှ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက် လာမှာ ဖြစ်ပါတယ်။ နောက်တစ်ခု ကတော့ စွမ်းအင်နဲ့ပတ်သက်လို့ အာမခံချက်ရှိဖို့လို တယ်။

မေး- မြန်မာနိုင်ငံမှာ စွမ်းအင်လိုအပ်ချက် အတွက် ဘယ်လိုနည်းလမ်းတွေနဲ့ ဆောင် ရွက်ဖို့ သင့်ပါသလဲခင်ဗျ။

ဖြေ- လျှပ်စစ်စွမ်းအင်ကို နည်းလမ်းအ စုံနဲ့တော့ ထုတ်လုပ်နေတာရှိပါတယ်။ အဲဒီ ထဲမှာမှ ဘယ်နည်းလမ်းက ကိုယ့်နိုင်ငံနဲ့ ကိုက်ညီမယ်ဆိုတာ လေ့လာရပါမယ်။ မြန် မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံအနေနဲ့ ဈေးနှုန်း သက်သာပြီး အကျိုးရှိမယ့် နည်းလမ်းကို အသုံးပြုသင့်ပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်း တွေ လုပ်တယ်ဆိုတာ တည်ရှိနေတဲ့ဟာ ကို ဖျက်ပြီးတော့ အသစ် ပြန်တည်ဆောက် တာပါ။ အရှေ့ကို မျှော်ကြည့်မှရပါတယ်။ အခု တည်ဆောက်ရေးလုပ်ငန်းတွေ လုပ် နေတာကြည့်ရင် သိနိုင်ပါတယ်။ ဥပမာ အားဖြင့် ရှန်ဂရီလာဟိုတယ်နားက တည် ဆောက်နေတဲ့ စီမံကိန်းတစ်ခုဆိုရင် အခု အစအချိန်ဆို အထဲကိုဝင်ကြည့်ရင် အရမ်း အရုပ်ဆိုးမှာပါ။ ဒါပေမဲ့ အဲဒါကြီး ပြီးသွား တဲ့အခါမှာတော့ ရန်ကုန်မြို့ကြီးက အရမ်း လှတာပဲဆိုတာ ဖြစ်သွားမယ်။ အဲဒီအတွက် လည်း ဂုဏ်ယူတယ်ဆိုတာ ဖြစ်သွားမယ်။ အထပ်မြင့် အဆောက်အအုံကြီးတစ်ခု မြို့ လယ်ကောင်မှာ ပေါ်လာမှာကိုး။ အဲဒီလိုပါ ပဲ ဖွံဖြိုးရေးလုပ်ငန်းတွေ လုပ်တဲ့အခါမှာ ပတ်ဝန်းကျင်ကိုတော့ ထိခိုက်မှု အနည်းနဲ့ အများ ရှိနိုင်ပါတယ်။ မြန်မာပြည်မှာက တံခါးဖွင့်လိုက်တဲ့အခါ ပြည်သူတွေ အကုန် မြင်လိုက်ရတယ်။ CSO တွေဆီကနေ သ တင်းအချက်အလက်တွေ အကုန်ရတယ်။ အဲဒီမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု တွေ မြင်ရတယ်။ ဒါတွေက တခြားနိုင်ငံ တွေမှာ ဖြစ်ပျက်ခဲ့တဲ့ သတင်းအချက်အ လက်တွေဖြစ်တယ်။ တခြားနိုင်ငံတွေမှာ ဒီလိုဖြစ်ခဲ့တယ်ဆိုရုံနဲ့ မြန်မာနိုင်ငံမှာ ဒီလို ထပ်တူဖြစ်လာလိမ့်မယ်လို့ ပုံသေပြောလို့ မရဘူး။

မေး- ဖြည့်စွက်ပြောချင်တာ ပြောပေးပါ ဦးခင်ဗျ။

ဖြေ- မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုး တက်ဖို့ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု တွေလိုတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက် ဖို့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင် ဖို့ စွမ်းအင်က မရှိမဖြစ်လိုတယ်။ မြန်မာ နိုင်ငံမှာ စွမ်းအင်အရင်းအမြစ်တွေ အများ ကြီးရှိတယ်။ အဲဒီအထဲမှာမှ ဘာကအဓိက ကိုယ့်နိုင်ငံအတွက် အကျိုးရှိပြီးတော့ အသုံး ချနိုင်မလဲဆို တဖြည်းဖြည်းနဲ့ ပြည်သူတွေ သဘောပေါက်လာပါလိမ့်မယ်။ ရေရှည် တည်ငြိမ်ပြည့်ဝတဲ့ လျှပ်စစ်မီးကို တစ်နိုင်ငံ လုံး ရဖို့ဆိုရင် တိုင်းပြည်မှာရှိတဲ့ စွမ်းအင် အရင်းအမြစ်ကို အားကိုးရမယ်။ ပြည်ပ က တင်သွင်းတဲ့ စွမ်းအင်ကို အားကိုးတာ ဟာ ရေတိုအတွက်ပဲဖြစ်သင့်တယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။

 

အောင်သူ တွေ့ဆုံမေးမြန်းသည်