မန္တလေး၊ ဇွန် ၁၆ - နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၄)နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် လာမည့်ဇွန် ၁၉ ရက် တွင်ဖွင့်လှစ်မည့် မဟာအောင်မြေမြို့နယ် (၇၈) လမ်း မှ (၇၃) လမ်းကြားရှိ (၃၈) လမ်းသစ်ကို အောင်ဆန်းစု ကြည်လမ်းဟု အမည်ပေးသွား မည်ဖြစ်ကြောင်း သိရ သည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက နိုင်ငံတကာအဆင့်မီစံပြလမ်းအဖြစ်ဖွင့်လှစ် မည့်အဆိုပါလမ်း၏ ပလက်ဖောင်းပေါ်တွင် သင်္ဂဟ ဖောင်ဒေးရှင်းမှလှူဒါန်းထားသည့် စိန်ပန်းနီပင်များ နှင့်အတူ ငုဝါပင်များကို Flower Box များဖြင့် စနစ် တကျထည့်သွင်းစိုက်ပျိုးထားပြီး လမ်းအသုံးပြုများ အတွက် အမှိုက်ပုံးများ အပါအဝင် ညပိုင်းသွားလာ သူများအတွက်လည်း ယာဉ်အန္တရာယ်ကင်းရှင်းစေ ရန် လမ်းမီးတိုင် ၆၀ စိုက်ထူထားကြောင်း သိရသည်။

"ဖွင့်ပွဲပြုလုပ်မယ့် လမ်းမုခ် ဦးရဲ့အလယ်တိုင်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ပုံကို မွေးနေ့ အထိမ်းအမှတ်အဖြစ် ထည့်သွား မှာဖြစ်ပြီး မန္တလေးမြို့ရဲ့မွေးနေ့ လက်ဆောင်ဖြစ်တာကြောင့် မြို့ တော်ဝန်ရဲ့စိတ်ကူးအရ လမ်း နာမည်ကို ဒေါ်အောင်ဆန်းစုကြည် လမ်းလို့ပေးဖို့ကို ကော်မတီဝင် တွေအားလုံးကလည်း သဘောတူ နှစ်သက်ကြပါတယ်။ လမ်းမကြီး ပိုင်းအနေနဲ့ လမ်းလုပ်ငန်းတွေအား လုံးပြီးစီးပြီးတော့ ဘာမှလိုအပ် ချက်မရှိအောင် ပြည့်စုံနေတဲ့အ နေအထားကို ရောက်ရှိနေရာမှာ ဆက်စပ်နေတဲ့ဘေးလမ်းသွယ် တွေကရေမြောင်းတွေပဲပြုပြင်ဖို့ ရာအနည်းငယ်ကျန်နေသေးတဲ့ အတွက် အမြန်ဆုံးဆောင်ရွက်ပေး ဖို့မှာကြားထားပါတယ်။ ဒီလမ်း သစ်ကိုသွားလာတဲ့သူတွေ ယာဉ် အန္တရာယ်ကင်းရှင်းစေဖို့ ၇၈ လမ်း ဆုံမှာ SCATS စနစ်သုံး မီးပွိုင့်ကို တပ်ဆင်သွားမှာဖြစ်ပြီး ၇၃ လမ်း ဆုံမှာတော့ ရိုးရိုးမီးပွိုင့်ပဲတပ်ဆင် မှာပါ။ ယာဉ်ကြော ပြမျဉ်းတွေကို Thermoplastic နဲ့ရေးဆွဲရာမှာ မန္တလေးမြို့ရဲ့ရာသီဥတုနဲ့ကိုက်ညီ မယ့် အချိုးအဆအတိုင်းရရှိအောင် စင်ကာပူနိုင်ငံ က ပညာရှင်ကိုယ် တိုင်လာရောက်ကြီးကြပ်ဆောင် ရွက်ပေးခဲ့ပါတယ်။ မန္တလေးမြို့မှာ က တခြားလမ်းတွေကို လည်း ၃၈ လမ်းသစ် လိုဖြစ်အောင် ဘဏ္ဍာ ရေးနှစ်အလိုက်ဘတ်ဂျက်အနေအထားပေါ်မူတည်ပြီးတော့ တစ် လမ်းချင်းဆက်လက်အဆင့်မြှင့် တင်ခင်းကျင်းသွားဖို့ ရည်ရွယ် ထားပါတယ်" ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ဒီမိုကရေ စီတူဒေးသို့ ဇွန် ၁၆ ရက်က ပြော ကြားသည်။

၇၈ လမ်းမှ ၇၃ လမ်းကြားရှိ ၃၈ လမ်းသစ်သည် နိုင်လွန်ကတ္တ ရာလမ်းအမျိုးအစားဖြစ်ပြီး နိုင်ငံ တကာအဆင့်မီလမ်းများအတိုင်း ကပ်တုံးများ၊ လမ်းသင်္ကေတပြ အ မှတ်အသားများ၊ Precast မြောင်း ကူးတံတားနှင့် Precast မြောင်း များကိုထည့်သွင်းတည်ဆောက် ထားကြောင်း သိရသည်။ ၃၈ လမ်း သစ်သည် အကျယ်အားဖြင့် အ ကျယ်ပေ ၆၀ နှင့် အရှည်အားဖြင့် ပေ ၂၆၀၀ ရှည်လျားကာ ပြီးခဲ့ သည့် ၂၀၁၈ ခုနှစ် ၁လပိုင်းမှ စတင်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လမ်း ဖောက်လုပ်ရာ၌ လိုအပ်သည့်မြေ အကျယ်အဝန်းကိုရရှိစေရန် အ လယ်ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်ပိုင်မြေမှပြန်လည်ကူညီစွန့် လွှတ်ပေးခြင်းဖြစ်ကြောင်း သိရ သည်။

အဆိုပါလမ်းကိုဖွင့်လှစ်ပြီး ပါက ၇၈ လမ်းပေါ်ရှိ ၃၈ လမ်း ဆုံ၊ ၃၆ လမ်းဆုံနှင့် ၃၇လမ်းဆုံ တို့အပြင် ၇၈ လမ်းမှ ၇၃ လမ်း ကြားရှိ ၃၆ လမ်း၊ ၃၇ လမ်း၊ ၃၅ လမ်းတို့တွင် နေ့စဉ်ဖြစ်ပွားနေ သော ယာဉ်ကြောပိတ်ဆို့မှုများသိ သာစွာလျော့နည်းသွားစေနိုင်ကာ လမ်းသစ်ကို ဇွန် ၁၉ ရက် နံနက် ၇ နာရီတိတိအချိန်တွင် စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေး ကော် မတီမှသိရသည်။

KSA/Democracytoday