ဆည်းလည်း
++++++
ကိုယ်ငယ်ငယ်ကတည်းက စိတ်ထဲမှာ သရုပ်ဆောင်အလုပ်ကို လုပ်ချင်နေခဲ့တာပါဆိုတဲ့ သရုပ်ဆောင် ဒွေး (ကိုသားကြီး) ရဲ့ မွေးစားသမီးဖြစ်သူ သရုပ်ဆောင် ဆည်းလည်းက ပြောပါတယ်။



""အနုပညာလောကထဲကို ဝင်လာတာက ညီမကိုယ်တိုင် စိတ်ထဲကကို ဝါသနာပါလို့ လုပ်ဖြစ်တာပါ။ ဒီသရုပ်ဆောင် အလုပ်ကို ညီမသိပ်မသိတတ်သေးတဲ့ အချိန်ကတည်းက စိတ်ထဲမှာ သရုပ်ဆောင်ဖြစ်ချင်နေ ခဲ့ပါတယ်။ အသက်ကြီးလာတော့ သရုပ်ဆောင်လုပ်ချင်တယ်လို့ မေမေ့ကိုပြောတယ်။ မေမေကတော့ ပညာရေးကို ပိုပြီးတော့ ဦးစားပေးပါတယ်။

ဒါပေမဲ့ ညီမကလုပ်ချင် တယ်ဆိုတော့လည်း မေမေက ခွင့်ပြုပါတယ်။ ညီမ ပညာရေးရော အနုပညာအလုပ် တွေကိုရော ညီမျှအောင် လုပ်သွားမယ်လို့ စဉ်းစားထားပါတယ်။ ပါပါး(ဒွေး)နဲ့ တော်တာထက် ပါပါးရဲ့ ဇနီးအန်တီမိုးနဲ့ တော်တာပါ။ အန်တီမိုးက ညီမအဖေရဲ့ အစ်မ ညီမတို့ကိုတော့ ပါပါးတို့က ပြန်ပြီးတော့ မွေးစားထားတာပါ""လို့ ပြောပြခဲ့ ပါတယ်။

သူမအနေနဲ့လက်ရှိမှာ ဒါရိုက်တာ သားညီရိုက်ကူးပုံဖော်သွားမယ့် ""...အခြားမဲ့၌""ရုပ်သံဇာတ်လမ်းတွဲမှာ ပထမဆုံး ပါဝင်သရုပ်ဆောင်နေပြီဖြစ်ပြီး ပါဝင်တဲ့ကာရိုက်တာနဲ့ပတ်သက်ပြီးတော့လည်း အခုလိုပဲပြောပါတယ်။

""ဒီဇာတ်ကားထဲမှာတော့ ညီမကာရိုက်တာက နည်းနည်းထူးဆန်းတယ်။ အရင်ဘဝတစ်ခုမှာတုန်းက ဆုတောင်းမှားခဲ့လို့ နောက်ဘဝတစ်ခုကို ပြောင်းတဲ့ အချိန်မှာ ဝိညာဉ်တွေကို မြင်ရတွေ့ရပတ်သက်ရတဲ့ ကာရိုက် တာမျိုးနဲ့သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လေး ညီမလက်ထဲကို ရောက်တာကတော့ တစ်လလောက်ရှိပါပြီ။ အဲဒီအတောအတွင်းမှာတော့ ကာရိုက်တာအတွက် တော်တော်လေးပြင်ဆင်တယ်""လို့ ဇာတ်ကားနဲ့ပတ် သက်ပြီး ပြောပြခဲ့ပါတယ်။

အဆိုပါဇာတ်ကားမှာ သူမအတွက် ပထမဆုံး ပါဝင်ရိုက်ကူး မယ့်ဇာတ်ကား ဖြစ်ပြီး အနုပညာအလုပ်တွေနဲ့ပတ်သက်ပြီး အသစ်တစ်ယောက်အနေနဲ့စိန်ခေါ် မှုများတဲ့အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။
""အသစ်တစ်ယောက်အတွက် စိန်ခေါ်မှုများတယ်ဆိုပေမယ့် ညီမကတော့ အနုပညာအလုပ်တွေကို သင်ယူရင်းနဲ့အကောင်းဆုံး ကြိုးစားပြီးတော့ လုပ်ဖြစ် သွားမှာပါ""လို့ ဆိုပါတယ်။                  

 KZYH
#Democracytoday